ဈေးကွက်ဈေးနှုန်း

မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့အကြား နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲ နှစ်စဉ်အလှည့်ကျ ကျင်းပနိုင်ရေးအတွက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် လင်ချန်းမြို့ ပြည်သူ့အစိုးရ အကြားသဘောတူညီမှုစာလွှာအား Virtual Signingစနစ်ဖြင့်လက်မှတ်ရေးထိုး

Last Updated:

မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့အကြား နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲ နှစ်စဉ် အလှည့်ကျကျင်းပနိုင်ရေးအတွက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် လင်ချန်းမြို့ ပြည်သူ့အစိုးရ အကြားသဘောတူညီမှုစာလွှာအား Virtual Signingစနစ်ဖြင့် လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို၃၀.၉.၂၀၂၀ ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမတွင် Myanmar Online Expo Part Platform မှကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့မြန်မာဘက်မှအမြဲတမ်းအတွင်းဝန် ဦးမြင့်လွင် ဦးဆောင်၍၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဦးဟန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးသူနှင့်ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှယူနန်ပြည်နယ်၊ လင်ချန်းမြို့၊ကွန်မြူနစ်ပါတီဗဟိုကော်မတီအတွင်းရေးမှူးမစ္စတာရန်ဟောက်သုံး၊ မြို့တော်ဝန် မစ္စတာကျန်းကျစ်ကျန့် နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

အဆိုပါ သဘောတူညီမှုစာလွှာ လက်မှတ်ရေးထိုးပွဲတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်၊ လင်ချန်းမြို့၊ မြို့တော်ဝန် မစ္စတာကျန်းကျစ်ကျန့်တို့မှ အဖွင့်မိန့်ခွန်းများ ပြောကြားပါသည်။ထို့နောက်အစီအစဉ်အရတရုတ်ပြည်သူ့သမ္မတနိုင်ငံလင်ချန်းမြို့၊ ဒုတိယမြို့တော်ဝန်  မစ္စတာလုကျစ်ဟွာ နှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးသူ တို့က သဘောတူညီမှုစာလွှာ (Letter of Intent_LOI)ကို လက်မှတ်ရေးထိုးကြပါသည်။

ယနေ့လက်မှတ်ရေးထိုးပွဲအခမ်းအနားကို လူချင်းကိုယ်တိုင်တွေ့၍ အတူတကွလက်မှတ်ရေးထိုးရန်မဖြစ်နိုင်သော်လည်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အနေဖြင့်ပထမဦးဆုံး On-line ဖြင့် Virtual Signingအခမ်းအနားကို အခက်အခဲများကြားမှ ကျင်းပ နိုင်ခဲ့ပါကြောင်း၊မိမိတို့၏ပူးပေါင်းဆောင်ရွက်မှုများသည်မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ထင်ဟပ်စေကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်ရေးအတွက် အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပါကြောင်း၊ မြန်မာ-တရုတ် သံတမန် ဆက်ဆံရေးနှစ်(၇၀) ပြည့်မြောက်သည့် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ(လာရှိုး)နှင့် တရုတ်နိုင်ငံ(လင်ချန်း)အကြား နယ်စပ်စီးပွား ရေးနှင့်ကုန်စည်ပြပွဲအလှည့်ကျ ကျင်းပနိုင်ရေးသဘောတူညီမှုစာလွှာကို လက်မှတ်ရေး ထိုးမည်ဖြစ်၍ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူ များအကြားအမှတ်တရဖြစ်မည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်မှ၄င်း၏မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့ပါသည်။